ဝီလျံနှင့် ဆမ်မြူရယ်လ် အီတူးတို့ကို ဆက်တိုက် ခေါ်ယူလိုက်သည့်တိုင် ချယ်လ်ဆီးသည် နွေရာသီ ဈေးကွက်ထဲတွင် ဆက်လက် လှုပ်ရှားဖြစ်ဖွယ် ရှိနေဆဲဟု သိရှိရသည်။
လန်ဒန် ကလပ်အသင်း၏ အမှုဆောင်ချုပ် ရွန်ဂေါ်လေက တနင်္လာနေ့ ဈေးကွက်ပိတ်ရက် မတိုင်မီအထိ အသင်းလူစာရင်းတွင် ကစားသမား အဝင်အထွက် အပြောင်းအလဲများ ဖြစ်နေနိုင်ဆဲဟု ဝန်ခံခဲ့သည်။ ချယ်လ်ဆီးသည် ယခုနွေရာသီတွင် ဝီလျံနှင့် အီတူးတို့အပြင် အန်ဒရီရှာရဲလ်၊ မာကိုဗန်ဂင်ကဲလ်၊ မာ့ခ်ရှဝါဇာတို့ကိုပါ ခေါ်ယူထားသလို ပြီးခဲ့သည့်ရာသီက အငှားချထားသည့် ရိုမီလူ လူကာကူ၊ ကီဗင်ဒီဘရွမ်းတို့ကို ပထမအသင်းတွင် ပြန်လည် ပူးပေါင်း ဖြည့်တင်းစေခဲ့ပြီး ဖြစ်သည်။
ဂေါ်လေက "လောလောဆယ် အသင်းဟာ သိပ်ကောင်းတဲ့ လူသစ် ခေါ်ယူမှုတွေ ပြုလုပ်ထားပြီးပါပြီ။ ကျွန်တော်တို့ အမြဲတမ်း ပြောခဲ့ပါတယ်။ ချယ်လ်ဆီးဟာ အင်အား တောင့်သထက်တောင့်အောင် အမြဲတမ်း ကြိုးစားနေမယ် ဆိုတာကိုလေ။ အီတူးရောက်လာတာဟာ ကျွန်တော်တို့ရဲ့ ကစားသမားတွေကို အတွေ့အကြုံပိုင်း ပိုပြီး ရင့်ကျက်အောင် မျှဝေနိုင်မယ် ထင်ပါတယ်။ ခုချိန်မှာ ကျွန်တော်တို့ဟာ အသင်းကို အင်အားထပ်ဖြည့်ဖို့ စဉ်းစားနေဆဲပါ။ နောက်ထပ် တစ်ယောက်၊ ဒါမှမဟုတ်လည်း နှစ်ယောက်လောက် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ အသင်းကတော့ ကျေနပ်လောက်စရာ အင်အားမျိုး ရှိနေပါပြီ"ဟုလည်း ဆိုသည်။
၎င်းက "လာမယ့်ရက်ပိုင်းမှာ နည်းနည်းတော့ အားစိုက်လှုပ်ရှားတာမျိုး ရှိနိုင်ပါတယ်။ ဈေးကွက်မပိတ်ခင် အချိန်မှာပေါ့လေ။ ဒါပေမဲ့ မန်နေဂျာ ကိုယ်တိုင်က သူ့လက်ထဲမှာ ရှိနေတဲ့ အသင်းကို သိပ်အားရ ကျေနပ်နေပါပြီ။ တကယ်လို့သာ လက်ရှိ လူအင်အားနဲ့ ရာသီကုန်ထိ ဖြတ်သန်းနိုင်မယ် ဆိုရင် သိပ်ကို ကောင်းမွန်ပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။ လက်ရှိတွင် ချယ်လ်ဆီးသည် ပေါ်တိုလူငယ် တိုက်စစ်သမား ခရစ္စတီယန် အတ်ဆုကို စိတ်ဝင်စားနေပြီး အသင်းမှ ဟွမ်မာတာ၊ ဗစ်တာမော့ဆက်စ်၊ ဂျွန်အိုဘီမီခေးလ်တို့ စွန့်ခွာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။
Ref: skysportcredit to:soccermyanmar







0 comments:
Post a Comment