မနီလာ စက်တင်ဘာ ၉
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်း မြို့ဖြစ်သည့် ဇမ်ဘွန်ဂါမြို့၌ စက်တင်ဘာ ၉ ရက်တွင် မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့ဝင်များ နှင့်အစိုးရတပ်ဖွဲ့ ဝင်များအကြား
တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သူပုန်များက အရပ်သား ၃ဝ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ၎င်းတိုက်ပွဲတွင် ရေတပ် အထူးတပ်ဖွဲ့ ဝင်တစ်ဦးကျဆုံး သွားခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ သူပုန်များအနေဖြင့် ဇမ်ဘွန် ဂါမြို့ရှိ မြို့တော်ခန်းမတွင် ၎င်းတို့အဖွဲ့၏ အလံကို လွှင့်ထူခွင့် ရရှိရန် တောင်းဆိုလျက်ရှိကြောင်း ဒုတိယ မြို့တော်ဝန် အစ်ယူရာဒီက ပြောကြား ခဲ့သည်ဟု သိရသည်။
အခြားသော သတင်းအရင်းအမြစ်များ အရ (MNLF) သူပုန် ၂ဝ ခန့်သည် ဘာရန်ဂေး ရွာအတွင်းသို့ ဝင်ရောက်၍ အရပ်သား ၁ဝ ဦးမှ ၁၅ ဦး အထိကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်စစ်ဘက်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရာမွန်ဇာဂလာ၏ ပြောကြားမှုအရ သူပုန် ၁ဝဝ ခန့်သည် အကြီးစား မော်တော်ဘုတ် တစ်စင်းနှင့် အသေးစား မော်တော်ဘုတ် ရှစ်စင်းဖြင့် ဇမ်ဘွန်ဂါမြို့ရှိ ရိုင်ယို ဟွန်ဒိုဆိပ်ကမ်းသို့ ဝင်ရောက်လာစဉ် ရေတပ် တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ref: မြဝတီ







0 comments:
Post a Comment