Subscribe For Free Updates!

We'll not spam mate! We promise.

Monday, September 2, 2013

ဥပဒေကြမ်းများရေးဆွဲရာတွင် အမြင်မတူသည်များ ရှိနိုင်သော်လည်း ဒီမိုကရေစီသဘောအရ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားရမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေးဧက (၅ဝဝ) စက်မှု လယ်ယာစံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ဦးရဲထွဋ်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် -

- ဖွဲ့စည်းခဲ့ချိန်မှစတင်၍ လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ၊

- သတင်းမီဒီယာ ဥပဒေကြမ်း ရေးဆွဲ တင်သွင်း ခဲ့မှုအခြေအနေ၊

- စာနယ်ဇင်းသမားများအား ကျင့်ဝတ်နှင့် စာနယ်ဇင်းအတတ်ပညာ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင် ရွက်မည့် အခြေအနေ၊

- ပုဂ္ဂလိက စာနယ်ဇင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးရန် လိုအပ်သည့် အခြေ အနေ၊

- အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်သည့် သဘောထားအမြင်များ၊

- စာနယ်ဇင်း ကောင်စီ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ အစိုးရဌာနများထံမှ သတင်း အချက်အလက်များ ရယူရာတွင် တွေ့ကြုံနေ ရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။

နိုင်ငံတော်သမ္မတက -

- စာနယ်ဇင်းကောင်စီဝင်များအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များပြား မှုနှင့် အသက်အရွယ်ကြီးရင့်မှု ရှိနေလင့်ကစား စာနယ်ဇင်းလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် အချိန်ပေးလုပ်ဆောင်နေသဖြင့် ကျေးဇူး တင်ရှိပါကြောင်း၊

- စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင် ရန်အတွက် စာနယ်ဇင်း ကောင်စီ၏ လွတ်လပ်မှုကို မထိခိုက်စေဘဲ ကူညီပံ့ပိုး ပေးနိုင်သည်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

- မိမိတို့နိုင်ငံတွင် သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့် တာဝန်များကို ပထမဆုံးအကြိမ်အဖြစ် ဥပဒေဖြင့် ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်နိုင်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

- ဥပဒေကြမ်းများ ရေးဆွဲရာတွင် အမြင်မတူသည်များ ရှိနိုင် သော်လည်း ဒီမိုကရေစီ သဘောအရ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

- မီဒီယာဥပဒေများသည် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းနောက်ခံ၊ မြန်မာတို့၏ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာတရားများ၏ အဆုံးအမတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သကဲ့သို့ နိုင်ငံတကာစံ
များနှင့်လည်းကိုက်ညီရန် လိုအပ်ပါကြောင်း၊

- မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်သုံး လာခဲ့သည့် နိုင်ငံများ၏ အခြေအနေကိုလေ့လာသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်း စ နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာရန်လည်း လိုအပ်ပါကြောင်း၊

- မိမိတို့လိုချင်သည့် မီဒီယာလောက အခြေအနေသို့ ရောက်ရှိအောင် အဆင့်ဆင့် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊

- ဝန်ကြီးဌာနများမှ သတင်းအချက်အလက်များ လျင်လျင်မြန်မြန် ရရှိရေးအတွက်လည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

Mother Home

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment