Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

Skype ဝန်ဆောင်မှုများတွင် 3D နည်းပညာကို ဖြည့်တင်းပေးသွားမည်

အင်တာနက် ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု လုပ်ငန်းကြီး Skypeက မိမိတို့သည် 3Dပုံရိပ် ထောက်ပံ့မှု စနစ်ကို
ဖန်းခေါ်ဆိုမှုအတွင်း ထည့်သွင်းရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့သည်။ အင်တာနက်မှတစ်ဆင့်
ဗီဒီယိုဖြင့် အပြန်အလှန် တွေ့မြင်ရသည့် ဖုန်းခေါ်ဆိုမှုများအတွက် ဝန်ဆောင်မှု ပေးနေသည့် Skypeက
အဆိုပါ ပုံရိပ်များကို 3Dအမြင်မျိုး ရလာအောင် ဖန်တီးနေကြောင်း ကုမ္ပဏီ (၁၀)နှစ်ပြည့် အထိမ်းအမှတ်
အခမ်းအနားတွင် ပြောကြားသွားသည်။ ဧပြီလ အတွင်းက Skypeသည် အနေဝေးသူချင်း ပိုမိုနီးကပ်စွာ
ထိတွေ့ခံစားခွင့်ရမည့် ဖုန်းခေါ်ဆိုရေး ဝန်ဆောင်မှုသစ် တစ်ခုကို မိတ်ဆက်မည်ဟု ကြော်ငြာခဲ့သည့်နောက်
3Dပုံရိပ်ဖော် နည်းပညာ ပါဝင်လာနိုင်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်နေခဲ့ပြီး ဖြစ်သည်။

ယခုအခါ Skype၏ ဒုတိယ ဥက္ကဋ္ဌ မာ့ခ်ဂီးလတ်က 3D ရုပ်လုံးကြွ Screenများဖြင့် Skypeကို ချိတ်ဆက်
ထောက်ပံ့နိုင်အောင် ဖန်တီးနေကြောင်း အတည်ပြုခဲ့သော်လည်း ယင်းနည်းပညာ အတည်ပြု ဖြန့်ဝေရန်
နှစ်အတန်ငယ် အချိန်ယူရနိုင်ကြောင်း ပြောကြားသွားသည်။ "လောလောဆယ်တော ကျွန်တော်တို့ဟာ
Skypeအတွက် သင့်တော်မယ့် 3D Screenတွေ၊ 3D ပုံရိပ်ဖမ်းယူမှုတွေကို သုတေသနပြု လေ့လာနေဆဲပါ"ဟု
ဂီးလတ်က ဆိုသည်။ ၎င်းက "Screen အပိုင်းမှာ ကျွန်တော်တို့ တိုးတက်မှုတွေ အများကြီး ရနေပါပြီ။
ခုချိန်မှာ TVတွေ ကွန်ပျူတာ Monitorတွေမှာ 3Dစနစ် ထောက်ပံ့မှု ပါဝင်တာတွေကိုပဲ
ရွေးချယ်ဝယ်ယူသူတွေလည်း တော်တော်များနေပြီ။ ဒါပေမဲ့ 3Dပုံရိပ်ကို ရိုက်ကူးဖမ်းယူဖို့ အတွက်ကျတော့
အဆင်သင့် မဖြစ်သေးဘူး။ ကျွန်တော်တို့က ဒီနည်းပညာကို စူးစိုက်ဇောက်ချပြီး လုပ်ဆောင်နေပါတယ်။ Skypeကို
3Dနဲ့ အသုံးပြုဖို့အတွက် ကွန်ပျူတာမှာ ကင်မရာတချို့ ဖြည့်တင်းဖို့ လိုကောင်းလိုလာမယ်။ မှန်ကန်တဲ့
ထောင့်ချိုးတွေကနေ ဖမ်းယူ မှတ်တမ်းတင်တာမျိုး ဖြစ်ရမယ်။ ခုလောလောဆယ် ကျွန်တော်တို့
စမ်းသပ်နေဆဲပါ။ နောက်တစ်ချက်က ဒီနည်းပညာအတွက် အသုံးပြုမယ့် ကိရိယာတွေကိုလည်း သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးမှာ အထောက်အကူ ဖြစ်စေဖို့ ကျွန်တော်တို့ ရည်ရွယ်ထားတယ်"ဟုလည်း ပြောဆိုသွားသည်။

Skypeတွင် 3D နည်းပညာ ထောက်ပံ့ပေးမှုကို အပြည့်အဝ စတင်လိုက်ပါက 3D ပစ္စည်းကိရိယာများ
ထုတ်လုပ်ရောင်းချမှု ဈေးကွက်ကို အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမည်ဟု လေ့လာသူများက သုံးသပ်ထားသည်။
လတ်တလောတွင် Disney၏ ESPN ဌာနခွဲက 3Dဖြင့် ထုတ်လွှင့်ပြသသော Channelတစ်ခုကို စတင်နေပြီဟု
ကြေညာထားပြီး BBCကလည်း 3Dဖြင့် ထုတ်လွှင့်မှုအတွက် ကြိုတင်ပြင်ဆင်ထားသည့် (၂)နှစ်ကြာ
စမ်းသပ်မှုသည် အပြီးသတ်လုပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် နီးစပ်နေပြီဟု ဆိုသည်။ Avatar
ဇာတ်ကားကို ဖန်တီးရိုက်ကူးသည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ဖျော်ဖြေရေး ဝန်ဆောင်မှု ကဏ္ဍတွင် 3Dကို
အသုံးပြုခြင်းသည် လုံးဝမလွဲမသွေ ဖြည့်တင်းပေးသင့်သည့် အရာတစ်ခုဟု မှတ်ချက်ပြုခဲ့သော်လည်း ယင်းအတွက်
သီးခြား မျက်မှန်များ အသုံးပြုခြင်းကို ဖယ်ရှားပစ်ရန် လိုကြောင်းမူ ဝေဖန်ခဲ့သည်။ သို့မှသာ 3D၏
စစ်မှန်သော အရသာကို ထိတွေ့ ခံစားနိုင်မည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဂီးလတ်က ကင်မရွန်၏ စကားကို ထောက်ခံသော်လည်း စမတ်ဖုန်းကဲ့သို့ ကိရိယာငယ်များတွင် 3Dပုံရိပ် ထောက်ပံ့မှုကို
မျက်မှန်မပါဘဲ အသုံးပြုနိုင်ရန် ဖြစ်နိုင်ခြေကို စဉ်းစားရန် လိုကြောင်း ထောက်ပြခဲ့သည်။
"တစ်နေ့နေ့မှာတော့ 3Dပုံရိပ်ကို မျက်မှန်မပါဘဲ ကြည့်လို့ရမယ့် ဖုန်းတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော်
စိတ်ကူးကြည့်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဆဲလ်ဖုန်းတွေအတွက် 3Dကင်မရာတွေ ဖန်တီးနိုင်ဖို့
နီးစပ်နေပြီလား ဆိုတာတော့ သေချာ မသိသေးဘူး"ဟု ဂီးလတ်က ပြောကြားသွားသည်။



credit;Planet

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment