ဝက်သားနှင့် အမဲသားကဲ့သို့ အနီရောင် အသားများသည် တစ်သျှူးများအတွင်း သံဓာတ် တည်ဆောက်မှုကို
ဖြစ်ပေါ်စေပြီး ယင်းအခြေအနေသည် ဦးနှောက်ကို ထိခိုက်စေတတ်ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ်
တွေ့ရှိထားသည။်
အနီရောင် အသား အများအပြား စားသုံးခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို
မြင့်တက်လာစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ ဝက်သားနှင့် အမဲသားကဲ့သို့
အနီရောင် အသားများသည် တစ်သျှူးများအတွင်း သံဓာတ် တည်ဆောက်မှုကို ဖြစ်ပေါ်စေပြီး
ယင်းအခြေအနေသည် ဦးနှောက်ကို ထိခိုက်စေတတ်ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ် တွေ့ရှိထားသည်။
အဆိုပါ ဓာတ်သဘာဝသည် ဦးနှောက်အတွင်း တစ်သျှူးများ၏ Oxidant ယိုယွင်းမှုကို အားပေးပြီး
ကာလရှည်ကြာ သက်ရောက်မှုအရ အယ်လ်ဇိုင်းမား ရောဂါသို့ ဦးတည်လာစေခြင်းဟု သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ဦးနှောက်သို့ ဆက်သွယ်လှုံ့ဆော်သည့် အာရုံကြောဆိုင်ရာ အချက်ပြမှုများကို
အနှောင့်အယှက်ပေးပြီး ဦးနှောက်တွင် ထိခိုက်မှုများလည်း ဖြစ်ပေါ်လာစေတတ်ကြောင်း သုတေသီများက
ဆိုသည်။ အမေရိကန် နိုင်ငံမှ ပညာရှင်များက နေ့စဉ် နေထိုင် စားသောက်မှု ပုံစံကို ပြောင်းလဲခြင်းဖြင့်
အသက်အရွယ် ကြီးရင့်လာချိန်တွင် မှတ်ဉာဏ်ချွတ်ယွင်းသွားသည့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ခြေကို
အထိုက်အလျှောက် လျှော့ချနိုင်မည်ဟု အကြံပြုခဲ့သည်။ အနီရောင် အသားများထဲတွင် သံဓာတ်တည်ဆောက်
ဖွဲ့စည်းမှုသည် ပေါကြွယ်ဝစွာ ဖြစ်ပေါ်တတ်ပြီး အဆိုပါ ဖြစ်စဉ်သည် ရေရှည်တွင် ဦးနှောက်၏
စွမ်းဆောင်ရည်ကို ချို့တဲ့ အားနည်းသွားအောင် သက်ရောက်စေတတ်ကြောင်း အမေရိကန်နိုင်ငံ၊
လော့စ်အန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျော့ဂ်ျဘတ်ဇိုကစ်က ပြောကြားသွားသည်။
ထို့အပြင် အယ်လ်ဇိုင်းမားကို အားပေးသည့် ပရိုတင်း ဓာတ်နှစ်မျိုးကိုလည်း သုတေသီများက အတည်ပြုခဲ့ပြီး
ယင်းတို့အနက် တစ်ခုကို Tauဟုခေါ်ပြီး ကျန်တစ်မျိုးမှာ Beta-amyloidဖြစ်ကြောင်း သိရသည်။
ပရော်ဖက်ဆာ ဘတ်ဇိုကစ်နှင့် လုပ်ဖော်ကိုင်ဖက် (၂)ဦးသည် အယ်လ်ဇိုင်းမား ဝေဒနာသည်များ၏ ဦးနှောက်မှ
အပိုင်းနှစ်ခုကို အဓိက စူးစိုက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ဦးနှောက်လုပ်ဆောင်မှု ပုံရိပ်ဖော်
နည်းပညာများကို အသုံးပြုပြီးနောက် အယ်လ်ဇိုင်းမား ရောဂါ အစပိုင်းတွင်ပင် ပျက်စီးထိခိုက်မှုများ
စတင်လာလေ့ရှိသည့် Hippocampus အပိုင်းတွင် သံဓာတ်ဖြစ်တည်မှု များပြားနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။
Thalamus အပိုင်းမှာမူ အယ်လ်ဇိုင်းမား ရောဂါ ရင့်လွန်းသည့် အခြေအနေမျိုးတွင်မှ
ထိခိုက်သက်ရောက်လေ့ရှိပြီး ယခုလေ့လာမှုတွင်လည်း ကနဦး အဆင့်များ၌ Thalamusအတွင်း သံဓာတ်ဖွဲ့စည်းမှု
မရှိကြောင်း ပရော်ဖက်ဆာ ဘတ်ဇိုကစ်က ရှင်းပြခဲ့သည်။
အယ်လ်ဇိုင်းမား ဖြစ်ပေါ်မှုကို သုတေသနပြုရာတွင် Tauသို့မဟုတ် Beta-Amyloid ပရိုတင်းဓာတ်များကို
အာရုံစူးစိုက်လေ့ရှိပြီး ဘတ်ဇိုကစ်တို့က သံဓာတ်ဖွဲ့တည်မှု၏ သက်ရောက်မှုကို အဓိက ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
ဦးနှောက်အတွင်း သံဓာတ်ဖွဲ့စည်းမှုများသည် တစ်သျှူးများကို ထိခိုက်ပျက်စီးခြင်း၊ လုပ်ငန်းဆောင်တာ
ရပ်ဆိုင်းသွားစေခြင်းတို့ ဖြစ်ပေါ်စေပြီး ဦးနှောက်၏ Hippocampus အပိုင်းကို စတင်
ပျက်ယွင်းလာစေကြောင်း သိရသည်။ ပရော်ဖက်ဆာ ဘတ်ဇိုကစ်က "တစ်သျှူးအပိုင်း တစ်ခုက ပျက်စီးစ
ပြုနေပြီးသားဆိုရင် အဲဒီတစ်သျှူးမှာ သံဓာတ် ဖွဲ့စည်းမှု ဘယ်လောက်ဖြစ်ပေါ်လာတယ် ဆိုတာကို တိုင်းတာဖို့
ခက်သွားတတ်တယ်"ဟု ဆိုသည်။
၎င်းက "အယ်လ်ဇိုင်းမားရောဂါ အစပြုလာချိန်မှာ ဦးနှောက်ရဲ့ Hippocampus အပိုင်းမှာ
သံဓာတ်တိုးပွားလာတာကို ကျွန်တော်တို့ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တခြားကျန်းမာသန်စွမ်းတဲ့
အသက်ကြီးရင့်သူတွေမှာ ဒီလို ပြောင်းလဲမှုမျိုး မသက်ရောက်ပါဘူး။ နောက်တစ်ချက်က အယ်လ်ဇိုင်းမား ရောဂါ
နှောင်းပိုင်းမှာ ပျက်စီးတတ်တဲ့ ဦးနှောက်အစိတ်အပိုင်း Thalamusမှာလည်း အဲဒီအခြေအနေမျိုး
မတွေ့ရဘူး။ ဒီတော့ သံဓာတ်ဖွဲ့စည်းမှု တိုးပွားလာတာဟာ အယ်လ်ဇိုင်းမားရောဂါကို အစပြုဖို့အတွက်
တွန်းအားဖြစ်ပြီး ရောဂါဆိုးရွားလာစေတဲ့ အပိုင်းနဲ့တော့ သိပ်မဆိုင်ဘူးလို့ ကျွန်တော်တို့ လောလောဆယ်
ယူဆထားတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ၎င်းက တစ်သျှူးများထဲမှ သံဓာတ်ကို ဖယ်ရှားနိုင်မည့်
ဆေးဝါးများကို စမ်းသပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သလို ယခုတွေ့ရှိချက် အသစ်ကြောင့်
အနာဂတ်တွင် ဆရာဝန်များ အနေဖြင့် အယ်လ်ဇိုင်းမား ရောဂါကို တိုက်ဖျက်သည့်အခါ အဆိုပါ နည်းလမ်းမျိုးကိုပါ
ထည့်သွင်း စဉ်းစားလာဖွယ် ရှိနေကြောင်းလည်း ဘတ်ဇိုကစ်က ကောက်ချက်ချသွားသည်။
Planet Myanmar Network.

0 comments:
Post a Comment