ဘူဂေးရီးယားမှာ ရိုက်ကူးမယ့် Expendables 3 ဇာတ်ကားကနေ Bruce Willis နှုတ်ထွက်သွားရခြင်းဟာ တကယ်တော့ သူ့ရဲ့ အပျင်းထူတဲ့ စရိုက်ကြောင့် မဟုတ်ပဲ သရုပ်ဆောင်ခကြောင့် ဖြစ်တယ်လို့ Hollywood Reporter မှာ ဖော်ပြထားခဲ့ပါတယ်။ ရမ်ဘိုမင်းသားကြီး စတားလုံး ထုတ်လုပ်ရိုက်ကူးတဲ့ Expendables ဇာတ်ကားတွေဟာ ဇာတ်အိမ်ခိုင်ခိုင်မာမာ မရှိပေမယ့် ထင်ရှားကျော်ကြားတဲ့ မင်းသားအိုကြီးတွေ စုပေါင်းပြီး ရိုက်ကူးထားတာကြောင့် သူတို့ရဲ့ အပစ်အခတ်အသားပေး အက်ရှင်ဇာတ်ကြမ်းတွေကို ပြန်လည် ခံစားချင်တဲ့ ပရိသတ်တွေကြောင့် အောင်မြင်မှု ရခဲ့ပါတယ်။
ဒါပေမယ့် ခုလက်ရှိ အချိန်မှာတော့ သူတို့ရဲ့ သရုပ်ဆောင်ခနဲ့ ပတ်သက်လို့ အငြင်းအခုန် ဖြစ်နေကြပါတယ်။ Bruce Willis ဟာ ဘူဂေးရီးယားမှာ ရိုက်ကူးမယ့် ၄ ရက် ကာလအတွင်း တစ်ရက်ကို တစ်သန်းနှုန်းနဲ့ သရုပ်ဆောင်ခ ဒေါ်လာ ၄ သန်းတောင်းဆိုခဲ့ပြီး စတားလုံးအပါအဝင် ကျန်တဲ့သူအားလုံးက ၃ သန်းသာ ပေးနိုင်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဒါကြောင့် အငြင်းအခုန်ဖြစ်နေတဲ့ ၃ ရက်အတွင်းမှာ Bruce Willis နှုတ်ထွက်သွားခဲ့ပြီး သူ့နေရာမှာ နောက်ထပ် မင်းသားကြီး တစ်ဦးဖြစ်တဲ့ Harrison Ford ကို အစားထိုးခဲ့ပါတယ်။ Harrison Ford ဟာ Bruce Willis ထက် သရုပ်ဆောင်လည်း ပိုကောင်းသလို အသက်ကြီးရင့်နေသည့်တိုင်အောင် အက်ရှင်ဇာတ်ကားတွေထဲမှာ သွက်လက်ဖြတ်လတ်နေသေးတဲ့အပြင် လာမယ့် Star Wars ဇာတ်ကားသစ်မှာလည်း ပါဝင်ဦးမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ အနှစ်သက်ဆုံး ဇာတ်ကောင်တစ်ကောင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
စတားလုံးကတော့ Bruce Willis ထွက်သွားပြီးနောက်မှာ Harrison Ford ပါဝင်လာတာနဲ့ ပတ်သက်လို့ ပျော်ရွှင်ကြောင်း၊ အနှစ်နှစ် အလလက စောင့်မျှော်ခဲ့ရတဲ့ အခွင့်အရေးရပြီလို့ ဝမ်းသာအားရ မှတ်ချက်ပြုခဲ့ပါတယ်။ အပျင်းထူပြီး လောဘကြီးတယ်လို့ မှတ်ချက်ပြုထားပေမယ့် ဘယ်သူရယ်လို့ နာမည်တပ်မထားခဲ့ပေမယ့် အားလုံးက နားလည်ခဲ့ကြပါတယ်။
Hollinaz
credit;DELO







0 comments:
Post a Comment