လူ့ဘ၀ရဲ့ အသက်အရွယ်အပိုင်းအခြားတွေ အများကြီးထဲမှာ မိဘတစ်ယောက်အနေနဲ့ ဘ၀ကိုဖြတ်သန်း ရတဲ့အချိန်ဟာ အနည်းဆုံးပျမ်းမျှ ဘ၀သက်တမ်းတစ်ဝက်လောက်တော့ ရှိပါတယ်။ နို့စို့ဖို့၊ ငိုဖို့၊ ရှုးပေါက်ဖို့ ကလွဲပြီး ဘာမှ ရေရေရာရာ မသိသေးတဲ့ ရင်သွေးလေးကို လူပုံအလယ်မှာ ထည်ထည်ဝါ၀ါ ရပ်တည်နိုင် အောင်၊ အသိဉာဏ်ဖွံ့ဖြိုးထက်မြက်လာအောင် ပြုစုပျိုးထောင်ပေးရတာ တကယ်မလွယ်ပါဘူး။ များမြောင် လှတဲ့ မိဘ၀တ္တရားတွေကိုထမ်းဆောင်ရင်းနဲ့ ကိုယ့်ရင်သွေးလေးက ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ ကလေး တစ်ဦး ဖြစ်လာခြင်းဟာ မိဘတွေ တန်ဖိုးအထားဆုံး ဆုလာဘ်ကြီးပါပဲ။
ရင်သွေးငယ်ကိုပျိုးထောင်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်နည်းလမ်းဖြစ်စေ၊ ကိုယ့်မိဘတွေက ကိုယ့်ကို ထိန်း ကျောင်းခဲ့တဲ့နည်းလမ်းဖြစ်စေ၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကြားဖူးခဲ့တဲ့ နည်းလမ်းကိုဖြစ်စေ သုံးလေ့ ရှိကြပါတယ်။
ဒီဆောင်းပါးမှာတော့ ရင်သွေးလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုကောင်းမွန်အောင် တည့်မတ် သင်ကြား သွားမလဲ ဆိုတာကို ခြုံငုံသုံးသပ်ပေးထားပါတယ်။ Philadelphia ဆိုတဲ့ မြို့လေးမှာရှိတဲ့ Temple တက္ကသိုလ်က ပါမောက္ခဒေါက်တာလောရင့် ရေးသားထားတဲ့ မိဘကောင်းတစ်ယောက်ဖြစ်ရန် အခြေခံ ဆယ်ချက် (The Ten Basic Principles of Good Parting) ဆိုတဲ့ စာအုပ်ပါ အချက်အလက်တွေကို အခြေခံ ထားပါတယ်။
* သင် ဘာတွေလုပ်နေလဲ။
မိဘရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အမူအကျင့်၊ အလေ့အထ (သို့မဟုတ်) မိဘက တခြားလူတွေ အပေါ် ကို ဘယ်လိုဆက်ဆံတယ်ဆိုတာကို ရင်သွေးငယ်က အမြဲတမ်း စောင့်ကြည့်မှတ်သားနေတာပါ။ ဒါဟာ အရမ်းအရေးကြီးပါတယ်။ သင် သူ့ကို ဘယ်လိုကလေးမျိုးဖြစ်လာစေချင်လဲ ဆိုတာဟာ သင်သူရှေ့မှာ ဘယ်လိုပြုမှုနေထိုင်သလဲဆိုတာနဲ့ ပတ်သက်ပါတယ်။
* ကလေးကို အရမ်း မချစ်ပြပါနဲ့။
ကိုယ့်ရင်သွေးကို မိဘတိုင်း ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် ချစ်ကြောင်းကို ပြသပုံလွန်တဲ့အခါ (ဥပမာ - တောင်းဆိုသမျှ အလို လိုက်ခြင်း၊ ပူဆာသမျှ ၀ယ်ခြမ်းပေးခြင်း၊ စာမေးပွဲကျသည့်အခါတွင် လမ်းညွှန်ဆုံးမမှု မပြုခြင်း)မှာတော့ ကလေးရဲ့ စိတ်ဓာတ်က ပျက်စီးဖို့ လွယ်ကူလာပါတယ်။ ရင်သွေးကိုချစ်တာ မင်္ဂလာပေ မယ့် ချစ်ခြင်းကို ပြသပုံတော့ မလွန်ကဲပါစေနဲ့။
* သင့်ရဲ့ ဆုံးမစောင့်ရှောက်မှု ပုံစံကို ကလေးအသက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးပါ။
သင့်ကလေး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတာကို မျက်ခြေမပြတ် အမီလိုက်နိုင်အောင် ကြိုးစား ပါ။ အသက်ကြီးလာတာနဲ့အမျှ သူ့ ရဲ့ အမူအကျင့်တွေကလည်း ပြောင်းလဲသွားတတ်ပါတယ်။
* ကလေးအတွက် စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ စဉ်းစားပြင်ဆင်ထားပါ။
ကလေးရဲ့ အမူအကျင့်တွေထဲက မနှစ်သက်တဲ့ အချက်တွေကို ငယ်ရွယ်စဉ်တည်းက မပြုပြင်ခဲ့ဘူး ဆိုရင် သူအရွယ်ရောက်လာတဲ့အခါ၊ သင်နဲ့ သူနဲ့ အတူရှိတဲ့အချိန် ပိုနည်းသွားတဲ့အခါကျမှ ပြုပြင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲသွားမှာပါ။
မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် သင့်မှာ မေးခွန်းသုံးခုအတွက် အဖြေ အဆင်သင့်ရှိနေရပါမယ်။ အဲဒီ မေးခွန်းတွေက (၁) ကိုယ့်ကလေး အခုဘယ်မှာလဲ။ (၂) ကိုယ့်ကလေးဘေးမှာ ဘယ်သူရှိလဲ။ (၃) ကိုယ့် ကလေး အခုဘာလုပ်နေလဲဆိုတဲ့ မေးခွန်းတွေပါ။ သင့်ဆီကနေ သင့်ကလေး သင်ယူထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေဟာ သူအရွယ်ရောက်တဲ့အခါ သူ့ဘာသာသူ ပုံသွင်းယူမယ့် စည်းကမ်း တွေဖြစ်လာ ပါလိမ့်မယ်။
* ကလေးကို ထိုက်သင့်သလောက် လွတ်လပ်ခွင့်ပေးပါ။
ကလေးကို စည်းမျဉ်း၊ စည်းကမ်းနဲ့ တည့်မတ်ပေးတာဟာ အရွယ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ ကလေးကို ထိုက်သင့်သလောက် လွတ်လပ်ခွင့် ပေးတာဟာ အရွယ်ရောက်တဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ဘ၀မှာ အောင်မြင်မှု ရဖို့အတွက် သင့် ကလေးမှာ အဲဒီနှစ်ချက်လုံးရှိဖို့ လိုပါတယ်။
မိဘတွေ တော်တော်များများက ကလေးလွတ်လွတ်လပ်လပ် နေချင်တဲ့အခါ ပြောစကား နားမထောင် ဘူးလို့ သမုတ်တတ်ကြပါတယ်။ တကယ်တော့ ကလေးဆိုတာလဲ လူသားပေးပဲမို့ လူ့သဘာဝ အရ လွတ်လပ်ခွင့်ကို လိုလားပါတယ်။ တခြားသူက တရားလွန်ဝင်ရောက်စွက်ဖက်တာကို မကြိုက် တတ်ကြတာ မို့ ထိုက်သင့်သလောက် လွတ်လပ်ခွင့်ပေးရပါမယ်။
* တသမတ်တည်း ရှိပါစေ။
ကလေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို တစ်နေ့တစ်မျိုး ပြောင်းနေမယ်ဆိုရင် (သို့မဟုတ်) ရံဖန်ရံခါမှ စည်းကမ်းထုတ်ပြန်လိုက်၊ ပြန်ရုပ်သိမ်းလိုက် လုပ်နေမယ်ဆိုရင်တော့ သင့်ကလေး မလိမ်မိုး၊ မလိမ်မာ ဖြစ်ခဲ့မယ်ဆိုရင်လည်း အဲဒါ သူ့အပြစ်မဟုတ်ဘဲ သင့်အပြစ်လို့ပဲ ပြောရမှာပါ။
ကလေးအတွက် စည်းကမ်းချက်ချမှတ်တဲ့အခါမှာ အရေးအကြီးဆုံးအချက်ကတော့ တစ်သမတ်တည်းရှိဖို့ပါပဲ။ သင့်ကလေးက ပူဆာလွန်းရင်တောင် ဖြေလျော့ပေးလို့မရတဲ့ အချက်တွေကို သေချာ စဉ်းစားထားပါ။ ဥပမာ သွားမတိုက်ဘဲ အိပ်ရာမ၀င်ရဘူး ဆိုတာမျိုးပေါ့။ ကလေးကို စည်းကမ်းချ ပေးတဲ့အခါမှာလည်း ကိုယ့်ဟာ မိဘပဲဆိုတဲ့ အင်အားကို မသုံးဘဲ ဉာဏ်ပညာကိုသာ အခြေခံပြီး စည်းကမ်းချပေးရင် သင့်ကလေးက သင့်ကို ကလန်ကဆန်ပြန်လုပ်ဖို့ အခွင့်အလမ်း နည်းပါးပါလိမ့်မယ်။
* ရက်စက်တဲ့ နည်းလမ်းတွေကို မသုံးပါနဲ့။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ... မိဘတွေဟာ ကလေးကို လုံးဝမရိုက်သင့်ပါဘူး။ ကြိမ်လုံးနဲ့ဖြစ်စေ၊ လက်နဲ့ဖြစ်စေ ရိုက်နှက်ခံရတဲ့ ကလေးဟာ ရန်ဖြစ်လွယ်ပါတယ်။ အဲဒီလို ကလေးတွေဟာ တစ်ခြားတစ် ယောက်နဲ့ အငြင်းအခုန်ဖြစ်တဲ့အခါ ဒေါသကိုအခြေခံပြီး ဆုံးဖြတ်လေ့ရှိသလို သူတစ်ပါးကို နာကျင်အောင် လုပ်ဖို့၊ ရက်စက်ဖို့လည်း လက်ယဉ်တတ်ကြပါတယ်။ ရိုက်မယ့်အစား ကလေးကို ဒဏ်ပေးဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဥပမာ - သူ သိပ်ကြိုက်တဲ့ အရုပ် (သို့) ကစားစရာနဲ့ တစ်ပတ်တိတိ မဆော့ရဘူးလို့ သတ်မှတ်တာမျိုး၊ ထိုင်ထလုပ်ခိုင်းတာမျိုး၊ “ကျွန်တော် နောက်မလုပ်တော့ပါ” ဆိုပြီး စာမျက်နှာအပြည့် (၁၀)မျက်နှာ ရေးခိုင်းတာမျိုး စတာတွေပေါ့။
* ကလေးရဲ့ အသက်အပိုင်းအခြားနဲ့ ဉာဏ်ရည် ဉာဏ်သွေးကို နားလည်ပေးပါ။
မိဘတိုင်းဟာ သားသမီးကို ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်တဲ့ စေတနာအပြည့်ရှိကြပါတယ်။ စေတနာလွန်ကဲပြီး ကလေးကို အရွယ်နဲ့ မမျှအောင် သွန်သင်မိတာမျိုးလဲ ဖြစ်တတ်ပါတယ်။ (၃)တန်း၊ (၄)တန်း အရွယ် သားသမီးကို အများကြီးရှင်းပြဆုံးမပြီး မြီးကောင်ပေါက် သားသမီးကိုတော့ ရှင်းပြသင့် သလောက် တောင် မရှင်းပြမိဘဲ ဖြစ်တတ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ အသက်နဲ့ဦးနှောက်က လက်ခံ နိုင်စွမ်းကို သင် သေသေချာချာ နားမလည်ဘူးဆိုတာ ပြနေတာပါ။ သင့်မှာရှိတဲ့
အတွေ့အကြုံနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေက သူတို့မှာ မရှိနိုင်ဘူးလေ။
* သင့်ကလေးကို လေးစားပါ။
အံ့သြသွားပါသလား။ သင့်ရဲ့ ရှုမငြီးတဲ့ သားငယ်၊ သမီးငယ်လေးက သင့်ကို ရိုသေလေးစားစေဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို လေးစားပေးခြင်းပါ။ တစ်ခြားသူတွေကို သင် အလေးထားပြီး၊ ဆက်ဆံ သလို သင့်ကလေးကိုလည်း အဲဒီလိုလေး ဆက်ဆံပါ။ သူ့ကို ချိုချိုသာသာပြောပါ။ သူ့ရဲ့ ထင်မြင်ချက်တွေ၊ အတွေးတွေကို ဂရုစိုက်ပေးပါ။ သူ သင့်ကို စကားပြောတဲ့အခါ အဓိပ္ပါယ် ရှိရှိ၊ မရှိရှိ နားထောင်ပေးလိုက်ပါ။ ကြင် ကြင်နာနာ ထွေးပွေ့ပါ။ သင် အလုပ်များနေရင်တောင်မှ အချိန်ပေးနိုင်တာနဲ့ ချက်ချင်း သူ့ကို ချော့မြူပေးပါ။
ကလေးတွေ ကြီးပြင်းအရွယ်ရောက်တဲ့အခါမှာ တစ်ခြားသူတွေကို ဘယ်လို ဆက်ဆံပြောဆိုမလဲဆိုတာ သူတို့ မိဘတွေက သူတို့ကို ဘယ်လို ကိုင်တွယ်ဆက်ဆံခဲ့လဲဆိုတဲ့အပေါ် အခြေခံတာပါ။ သင်ဟာ သင့်ရင် သွေးလေး ပုံတူကူးနေတဲ့ စံပြမော်ဒယ်ပါပဲ။ ဒါကြောင့် သင့်ရင်သွေးကို သင်ပြုစုစောင့်ရှောက် နွေးထွေးလေ လေ . . . သူ ကြီးပြင်းလာတဲ့အခါ အခြားသူတွေနဲ့ ဆက်ဆံပုံကောင်းမွန် လေလေ ဖြစ်မှာပါ။
အနှစ်ချုပ်ရရင်တော့ မိဘဆိုတာ သားသမီးကို ချစ်ခင်ကြတာချည်းပါပဲ။ ဒါပေမယ့် ချစ်ပုံချစ်နည်း မှန်ကန်ပါမှ ရိုးသားပြီး ကြင်နာမှုရှိတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို ထိန်းချုပ်နိုင်စွမ်းလည်းရှိတဲ့၊ ကိုယ် ချင်းစာစိတ်ရှိပြီး ဘ၀ကိုအကောင်းမြင် ပျော်ရွှင်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာအောင် ကူညီပေး နိုင်မှာပါ။
ဒါ့အပြင် ကိုယ့်ရင်သွေးလေး စိတ်ဓာတ်မကျအောင်၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးပင်ပန်းမှု မရှိအောင်၊ အစား အသောက်ကို သမမျှတစွာ မနည်းလွန်း၊ မများလွန်း စားတတ်အောင်၊ လူမှုရေးအသိုင်းအ၀ိုင်းမှာ ၀င်ဆန့် အောင် ၊ အရက်နဲ့ မူးယစ်ဆေးဝါး မသုံးစွဲမိအောင်လည်း ကူညီကာကွယ်ပေးရမှာပါ။
“မိဘတိုင်း အောင်မြင်ပျော်ရွှင်သော ရင်သွေးရတနာလေးများဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေဟု ဆုမွန် ကောင်းတောင်းလျက်”
DR .သုခ
coppy from>>>today myanmar






0 comments:
Post a Comment