Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, August 13, 2013

အမှိုက်ပစ်ဆော့မယ်ဆိုရင်

 အိမ်တအိမ်က ထွက်တဲ့အမှိုက်ဟာ ဒီအိမ်သားတွေရဲ့ အပြုအမူ စရိုက်နဲ့ အိမ်ရဲ့ ၀င်ငွေထွက်ငွေ အကြမ်း ဖျင်းကို သိနိုင်လို့ ကျွန်တော် မိန်းမ မပိုးခင်တုံးက မိန်းကလေးမိတ်ဆွေရဲ့ အိမ်မှာ အမှိုက်ကူသွန်ပေး ခဲ့တယ်လို့ ပြောတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်နဲ့ ကျွန်မ ဆုံဖူးပါတယ်။ ဟုတ်ပါတယ်။ အမှိုက် ဆိုတာ အဲလောက် အဓိပ္ပာယ် ကောက်ယူလို့ရပါတယ်။ ခွန်ချာနာဝစ် လို့ခေါ်တဲ့ ထိုင်းဆောက်လုပ် ရေး လုပ်ငန်းရှင် သူဌေးကြီးအတွက်ကတော့ စွန့်ပစ်ပစ္စည်း ဆိုတာ အိမ်ထောင်ရေးအတွက် စည်းမျဉ်းပေ တံ ဖြစ်ခဲ့ဖူးပါတယ်။
အမှိုက်လို့ အလွယ်တကူ ခေါ်တဲ့ စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်ပြီး ဘုရားဟော ဇာတ်လမ်း အထိ ရှိခဲ့ဖူး တာပါ။
တမနက်မှာ မြတ်စွာဘုရားက ကျွတ်ထိုက်သူတွေကို ဥာဏ်တော်နဲ့ ဆင်ခြင်ရာမှာ ရဟန်းတိဿ ကိုမြင်ပါ တယ်။ တရားထူးရဖို့ အကြောင်းရင်းခံ တခြား အကုန်ရှိပေမယ့် တရားသိမြင်လောက်အောင် အားထုတ်နိုင် ဖို့ အဟာရ မပြည့်စုံတာကို မြင်ပါတယ်။ အင်မတန် ဆွမ်းကွမ်းရှားပါးလို့ အစာရေစာ မ၀လင်တဲ့ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို မြတ်စွာဘုရားက ဆင်ခြင်ပါတယ်တဲ့။ ဒီတော့ ဘ၀ဆက်တိုင်း အလှူဒါန မလုပ်ခဲ့ဖူးပါ ဘူးတဲ့။ ဒါပေမယ့် တဘ၀ ရဟန်းဖြစ်စဉ်ကတော့ သပိတ်ကို ဆေးကြောတော့မယ် လုပ်တိုင်း သပိတ်ကိုရေ ကျင်းပြီး ဆွမ်းကျန်တွေကို ပိုးပုရွက်တွေ စားကြပါစေ ဆိုတဲ့ စိတ်နဲ့ ပုရွက်ဆိတ်တွေ သွားရာ အနီးအပါးမှာ သွန်လေ့ ရှိတာကို မြတ်စွာဘုရား က မြင်တော် မူပါတယ်။ ဒီတော့ အဲဒီအချိန်က ရဟန်းတိဿ အလောင်း အလျာ ရဟန်းရဲ့ ဆွမ်းကျန်ကို စားဖူးတဲ့ ပုရွက်ဆိတ်တွေ ခု ဘယ်ဘ၀ ရောက်နေတယ်ဆိုတာ မြတ်စွာ ဘုရား က ဥာဏ်တော်နဲ့ ဖြန့်ကျက် ကြည့်ရပါသတဲ့။ ဒီတော့မှ အဲဒီ ပုရွက်ဆိတ်တွေ က မြတ်စွာ ဘုရား လက်ထက်မှာ လူဖြစ်နေကြပြီး ပုရွက်ဆိတ်မြို့ ဆိုတဲ့ နာမည်နဲ့ပဲ မြို့တည်ပြီး အခြေကျနေတာ မြင်ပါသတဲ့။ ဒီတော့ ရဟန်းတိဿ ကို မြတ်စွာဘုရားက ခေါ်တော်မူပြီး ကမ္မဌာန်းကို အထူးသင်ပေးရင်း အဲဒီ ပုရွက် ဆိတ်မြို့ကို သာသနာပြုချေလို့ စေလွှတ်ပါတယ်။ ပုရွက်ဆိတ်မြို့ကိုရောက်တော့ တမြို့လုံးက ရဟန်း တိဿကို အထူးတလည် ချစ်ခင် လေးမြတ်စွာနဲ့ ဆွမ်းလောင်းလှူကြပါသတဲ့။ ဒါကြောင့် လိုအပ်နေတဲ့ အဟာရ ပြီးပြည့်စုံတဲ့ အတွက် တ၀ါတွင်း မှာတင် ရဟန်းကိစ္စ ပြီးစီးပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုပါသတဲ့။ အဓိက ပြောချင်တာ ကတော့ ကိုယ် အသုံးမလိုတဲ့ စွန့်ပစ်တဲ့ စွန့်ပစ်ပစ္စည်းကို သူတပါး အသုံးကျပါ စေဆိုတဲ့ စိတ်စေတနာနဲ့ စွန့်ပစ်ရင် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ထိ မြင့်မြတ်နိုင် တယ် ဆိုတဲ့ အချက်ပါ။
ဒီပုံဝတ္ထုသာဓကကို နမူနာယူပြီး ကျွန်မတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေကို အသုံးအကျဆုံး ဖစ်အောင်စွန့် ပစ်နိုင်ပါတယ်။ စွန့်ပစ် ပစ္စည်း လျော့နည်းစေချင်လို့ပါဆိုမှ အရောင်နဲ့ခွဲခြားထားတဲ့ ပလတ်စတစ်အိတ် တွေကို ငွေကုန်ခံ အမှိုက်အိတ် ပိုအများခံပြီး ၀ယ်ပစ်တဲ့ လူစားထဲမှာ ကျွန်မ မပါပါဘူး။ ဈေးဆိုင်က ထည့်ပေး လိုက်တဲ့ ပစ္စည်းထည့်တဲ့ ကြွပ်ကြွပ်အိတ်ကိုပဲ အမှိုက်အိတ်အဖြစ် အစားထိုးပြီး ကျွန်မသုံးပါတယ်။
ကျွန်မတို့ အမှိုက်ပစ်တော့မယ် ဆိုရင် အမှိုက်ကို အစင်ကြယ်ဆုံး ဖြစ်အောင် သတိထားပြီး ပစ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အမှိုက်ပါ ဆိုမှ သန့်ရှင်း မလား ညစ်ပတ်မှာပေါ့ လို့ တွေးနိုင်ပါတယ်။ ဘ၀ပေး ကံ နိမ့်ပါးလို့ အမှိုက်ကောက်ပြီး အသက်မွေးနေရတဲ့လူတွေ အတတ်နိုင်ဆုံး သန့်သန့် ရှင်းရှင်း ကျန်းမာရေး အတွက် ထိခိုက်မှု နည်းနည်းနဲ့ ၀မ်းစာ ရှာနိုင်ကြပါစေ ဆိုတဲ့ စိတ်ကို မွေးထားလိုက် နိုင် ပါတယ်။ တခြား ညစ်ပတ်စရာတွေနဲ့ မပေကျံနေတဲ့ စက္ကူတွေ ပလတ်စတစ်အိတ်တွေကို သပ်သပ်၊ ပေရေ ညစ်ပတ်နေတဲ့ စက္ကူတွေ ပလတ်စတစ် အိတ်တွေ ကို သပ်သပ်ခွဲပြီး ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ပိုးပြီး ပစ်နိုင် ပါတယ်။ သံဗူးခွံ၊ ပလတ်စတစ်ဗူးခွံနဲ့ ဖန်ပုလင်းအခွံတွေကို သီးသန့် တအိတ် ထုပ်ပိုး ပြီး အမှိုက်ပစ်နိုင် ပါတယ်။ သံတိုသံစ၊ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်တွေနဲ့ ဘက်ထရီ အဟောင်းတွေကို သီးသန့် တ ထုပ် ထုပ်ပိုးပြီး အမှိုက်ပစ်နိုင်ပါတယ်။ မီးဖိုချောင်ထွက် ဟင်းသီးဟင်းရွက် အပယ်တွေနဲ့ ခြံထွက် သစ် ရွက်ခြောက် သစ်ကိုင်းခြောက်တွေကို သီးသန့် တအိတ်ထုပ်ပိုးပြီး အမှိုက်ပစ် နိုင်ပါတယ်။ စားကြွင်းစား ကျန်နဲ့ ကလေး diaper တွေ အပါအ၀င် တခြား ညစ်ပတ်ပေရေနေတာတွေ အနံ့အသက် ထွက်နိုင်တာ တွေ ကိုတော့ အိတ်၂ထပ် ၃ထပ်နဲ့ အနံ့တွေ ယိုဖိတ်စရာတွေ လုံအောင် ထုပ် ပိုးပြီး အမှိုက်ပစ်နိုင် ပါတယ်။ ဒါကြောင့် ကျွန်မအိမ်ရှေ့က အမှိုက်ပုံးထဲမှာ အထုပ်တွေ အရွယ်ရွယ် အစားစား အထုပ်လိုက် သပ်သပ်ရပ်ရပ် ရှိနေပါတယ်။ အမှိုက်ကောက် ၀မ်းစာ ရှာသူတွေအတွက် အနံ့အသက်ကင်းကင်း နဲ့ လိုချင်တာကို အထုပ်လိုက် ရွေးယူနိုင်သလို အမှိုက် သိမ်းသမားတွေ အတွက်လဲ အနံ့အသက်ကင်းကင်းနဲ့ အမှိုက်သိမ်းနိုင်ပါတယ်။ ဒီလို ခွဲခြားအမှိုက်ပစ်ရတာ ကျွန်မအတွက် ထူးခြားပြီး အပန်းမကြီးပေမယ့် စွန့်ပစ် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းနေရသူတွေ အဖို့တော့ အတော် စိတ်သက်သာရာ ရမယ်လို့ ယူဆမိ ပါတယ်။
တကယ်လို့များ ရပ်ကွက်၊ မြို့နယ်၊ တိုင်းနဲ့ နိုင်ငံတော် အဆင့် အာဏာပိုင်တွေကသာ အမျိုးအစား ခွဲခြားထားတဲ့ အမှိုက်ပစ်စရာ အမှိုက်ပုံးတွေ အမှိုက်ကန်တွေ သတ်မှတ်ပေးထားမယ် ဆိုရင် စည်းစနစ် ကျနစွာနဲ့ တိတိကျကျ လိုက်နာနိုင်ကြရင် ဗုဒ္ဓဘာသာဝင် ကျွန်မတို့ အမှိုက်ပစ်ရင်း ကုသိုလ်တွေ ရနေမှာ မလွဲပါဘူး။ စီစဉ်ပေးသူ အာဏာပိုင်တွေလဲ ကုသိုလ်ရဲ့ အဖို့ဘာဂကို နေ့စဉ်နဲ့ အမျှ ရနေကြ မှာပါပဲ။
ကုသိုလ်၊ အကုသိုလ်ကို အယုံအကြည် မရှိသူနဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်သူ မြန်မာနိုင်ငံသားတွေ အနေနဲ့ လဲ ကိုယ့်ရဲ့ စနစ်တကျ သန့်ရှင်းစွာ အမှိုက်စွန့်ပစ်တဲ့အပြုအမူဟာ သက်ဆိုင်ရာ ပတ်ဝန်းကျင်က လူတွေ ကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ စိတ်ကြည်နူး ချမ်းသာမှုကို ပေးစွမ်းနိုင်ရင် ဂုဏ်ယူစရာပါ။ မြန်မာနိုင် ငံဟာ ခုချိန်မှာ ကမ္ဘာ့ အလယ်မှာ ခေတ်မီသူတိုင်း မြန်မာနိုင်ငံကို ရောက်ဖူးရမည် လို့ စာပြောင်ရေး ကာတွန်းဆွဲရလောက်အောင်ကို ကမ္ဘာ့ အကျော်အမော်တွေ မြန်မာနိုင်ငံကို လာရောက် နေကြပါပြီ။ မကြာခင်မှာ ကမ္ဘာ့ စီးပွားရေးဖိုရမ်နဲ့ အာဆီယံ ပွဲတွေ၊ ကမ္ဘာ့ အဆင့်နဲ့ အာရှအဆင့် ပွဲလမ်း ညီလာခံတွေ လက်ခံကျင်းပ ပါတော့မယ်။ လူရာဝင်ဆံ့တဲ့ နိုင်ငံတကာ ၀င်ဆံ့တဲ့ နိုင်ငံအဖြစ် နိုင်ငံတကာ ဧည့်သည်တွေ ကို လက်ခံ ကြိုဆို ရပါတော့မယ်။ ဒီလိုအချိန်မှာ တလမ်းဝင် တလမ်းထွက် ခြေဆန့်ကြမယ့် နိုင်ငံခြားသား တွေကို အမှိုက်တွေ ပွစာကျဲနေတဲ့ လမ်းထိပ်တွေနဲ့ ကြိုဆိုကြမလား၊ အမှိုက်တွေ ဆို့ပိတ်နေတဲ့ ရေမြောင်း တွေနဲ့ ကြိုဆိုကြမလား ဒါမှမဟုတ် ငါတို့မြန်မာဆိုတာ ဒီလို သန့်ရှင်းသပ်ယပ် စနစ်တကျ နေတတ်တဲ့ လူနေမှု အဆင့်မြင့်တဲ့ လူမျိုးဆိုတဲ့ ဂုဏ်ယူမှုမျိုးနဲ့ ကြိုဆိုကြမလား။ ရွေးချယ်ခွင့်က ကျွန်မတို့ လက်ထဲမှာ ရှိနေပါတယ်။ ပစ္စုပ္ပန် သံသရာ အကျိုးများစေမယ့် နည်းမျိုးကို ကျွန်မတို့ ရွေးချယ်ကြရအောင်လားးး
ရေးသားသူ - Khun Myahlaing

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment