Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, August 13, 2013

taxi driver အဖြစ်ဟန်ဆောင်ပြီး ပြည်သူကြားထဲနေ့ဝက်နေခဲ့တဲ့နော်ဝေဝန်ကြီးချုပ်

 မဲဆန္ဒရှင် ပြည်သူများက မည်သည့်အရာကို လိုလား တောင့်တနေကြသည်။ မည်သို့ တွေးတော ကြသည်ကို သိလိုသောကြောင့်ဟု ဆိုကာ နော်ဝေ ဝန်ကြီးချုပ် ဂျွန်စတော်တန်ဘာ့ဂ်က အငှား ယာဉ်မောင်း ဒရိုင်ဘာ ဟန်ဆောင်၍ နေ့တစ်ဝက် ကားမောင်းခဲ့ပြီး ခရီးသည် ပြည်သူများနှင့် စကား ပြောဆိုခဲ့သည့် ဗီဒီယို ရုပ်သံတစ်ခု နော်ဝေ လူမှုကွန်ရက် မီဒီယာများတွင် တွေ့ရကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ပြည်သူတွေ ဘယ်လို တွေးခေါ်နေကြတယ်ဆိုတာ သိရဖို့ ကျွန်တော့် အတွက် အရေးကြီးပါတယ်။ လူတွေက သူတို့ ထင်ရာကို ပြောကြတဲ့ နေရာ တစ်ခု ရှိပါတယ်။အဲဒါကတော့ Taxi ကားပါပဲ” ဟု ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က Facebook, Twitter နှင့် Youtube တို့တွင် တင်ထားသည့် ၎င်း၏ ဗီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ် ကျင်းပမည့် နော်ဝေ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလ တွင် အဆိုပါ ဗီဒီယို ထွက်ပေါ် လာခြင်းဖြစ်ကာ နော်ဝေ ဝန်ကြီးချုပ်၏ အာဏာရ လက်ဝဲယိမ်း ပါတီက အရေးနိမ့်ဖွယ်ရှိကြောင်း နောက်ဆုံး ကောက်ယူထားသည့် စစ်တမ်းများ က ဖော်ပြထားသည်။

စတော်တန်ဘာ့ဂ်သည် မြို့တော် အော်စလို Taxi ဒရိုင်ဘာများ ယူနီဖောင်း ကို ဝတ်ဆင်ထားပြီး ခရီးသည်များကို အကြိုအပို့ လုပ်ပေးရင်း စကား စမြည် ပြောခဲ့ကြောင်း၊ ယင်းသို့ ပြည်သူထဲသို့ အငှား ယာဉ်မောင်း ကားသမား ဟန်ဆောင်၍ ဆင်းခဲ့ခြင်းသည် ဇွန်လအတွင်းက ဖြစ်ကြောင်း AFP က ရေးသား ဖော်ပြထားသည်။

ကားထဲတွင် တပ်ထားသော ကင်မရာက ခရီးသည်များနှင့် ဝန်ကြီးချုပ်တို့ စကားပြောနေကြပုံကို မှတ်တမ်းတင်ထားပြီး ခရီးသည် တစ်ဦးက ဆိုလျှင် “ခင်ဗျားက နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ တော်တော် တူတာပဲ” ဟု ပြောကြား သွားသေးသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

ဝန်ကြီးချုပ်မှန်း မှတ်မိသွားသည့် အသက်ကြီး အမျိုးသမီး တစ်ဦးဆိုလျှင် လုပ်ငန်းရှင်များ လစာ အများကြီး ယူနေသည့် ကိစ္စရပ်ကို တိုင်တန်းသွားပြီး “ဒီလို သန်းနဲ့ ချီပြီးတော့ မယူသင့်ပါဘူး” ဟု ပြောဆိုသွားခဲ့သည်။

၎င်းကို မှတ်မိသွားသည့် ခရီးသည်များနှင့် တွေ့လျှင် ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က ကားမမောင်း ဖြစ်သည်မှာ ရှစ်နှစ်ကြာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုသည်ကိုလည်း ရုပ်သံအရ တွေ့ရသည်။

ဝန်ကြီးချုပ်အဖြစ် အရွေးမခံရတော့လျှင် Taxi ကား ဒရိုင်ဘာ လုပ်တော့ မည်လောဟု ပြည်တွင်း သတင်းစာ တစ်စောင်က မေးမြန်းသောအခါ ဝန်ကြီးချုပ်က “ကျွန်တော် Taxi ကားသမားတစ်ယောက် ထက်စာရင် ဝန်ကြီးချုပ် အဖြစ်နဲ့ တာဝန်ယူတာက တိုင်းပြည်နဲ့ ခရီးသည်တွေအတွက် ပိုကောင်းကောင်း လုပ်ပေးနိုင်မယ်လို့ ထင်တယ်ဗျာ” ဟု ဝန်ကြီးချုပ် က ပြန်လည် ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ် လိုက်ပို့သည့် ကားကို စီးခဲ့သော ခရီးသည်များသည် ကားခပေးရန် မလိုခဲ့ဟု ယင်းသတင်းစာက ရေးသား ဖော်ပြထားသေးသည်။

The Voice Weekly

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment