Subscribe For Free Updates!

We'll not spam mate! We promise.

Friday, September 6, 2013

မြန်မာ့လူထွားကြီး စင်ကာပူမှာ ခွဲစိတ်မှု အောင်မြင်


မြန်မာပြည်တွင် အရပ်အရှည်ဆုံးဟုယူဆရသော ကိုဝင်းဇော်ဦး၏ ခန္ဓာကိုယ် အဆမတန်
 ထွားကြိုင်းလာမှုကို ဟန့်တားရန်  စင်ကာပူတွင် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ခွဲစိပ်ကုသမှုသည်
 တရာ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
 စင်္ကာပူခရီးစဉ်အတွက် အကူအညီပေးခဲ့သူများထဲတွင် ပါဝင်သည့်  အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းက ကြာသပတေးနေ့တွင်ပြုလုပ်သော ရန်ကုန်မြို့
 သတင်းစာရှင်းပွဲတွင် ထိုသို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

“သူ့ရဲ့နှာခေါင်းအတွင်းပိုင်းထဲကနေ ဖြတ်ပြီး ခွဲတဲ့အခါမှာ သူ့နှာခေါင်းထဲမှာကလည်း
အကျိတ်တခု ဖြစ်နေတယ်။ နောက်ပြီး ဘာပြသနာမှ မဖြစ်ဘူးလို့ အားလုံး ပြောထားကြတဲ့
ပီကျူထရီ ဂလဲန်းက ကင်ဆာဖြစ်ခါနီးနေပြီ။ တော်တော် ကြီးနေတယ်။
အဲဒါတွေအားလုံးကြောင့် ခွဲစိပ်ဖို့အချိန်ကို ၂ နာရီကြာမယ်လို့ပဲ မှန်းထားပေမယ့် ခွဲစိပ်ခန်းထဲမှာ
 ၇  နာရီကျော်ကျော် ၈ နာရီလောက် အခွဲစိပ် ခံခဲ့ရတယ်” ဟု ဒေါက်တာခင်မောင်ဝင်းက ရှင်းပြသည်။

ကိုဝင်းဇော်ဦး ဖြစ်ပေါ်နေသည့် ရောဂါအား ခွဲစိပ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သဖြင့် ရှေ့လျှောက်တွင်
၎င်း၏ ခန္ဓာကိုယ် ကြီးထွားမှုမှာ ရပ်တန့်သွားကာ သာမာန်လူသားတဦးအဖြစ် နေထိုင်သွားနိုင်မည်ဖြစ်ကြောင်း
ဒေါက်တာ ခင်မောင်ဝင်းနှင့် ကိုဝင်းဇော်ဦးကို ခွဲစိပ်ကုသမှု ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆရာဝန်ကြီးများက ခန့်မှန်းကြသည်။

“ပီကျူထရီဂလဲန်းနဲ့ ပတ်သက်တဲ့ ဆေးတွေကိုတော့ မသေမချင်း ဆက်သောက်နေရမှာပါ” ဟု ဒေါက်တာ
ခင်မောင်ဝင်းက ပြောသည်။

ကိုဝင်းဇော်ဦးဖြစ်ပွားနေသည့် ရောဂါအား ခွဲစိပ်ကုသမှု ပြုလုပ်ခဲ့သည့်အတွက် ယခုလက်ရှိတွင် စင်ကာပူဒေါ်လာ
 ငါးသောင်း နှစ်ထောင်ခန့် ကုန်ကျခဲ့ကာ နောက်ဆက်တွဲကျန်းမာရေး စောင့်ရှောက်မှုများအတွက် စင်ကာပူဒေါ်လာ
 နှစ်သောင်း ကျော်ခန့် ထပ်မံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


 အခရိုမက်ဂလီသည် ခန္ဓာကိုယ် အဆမတန်ကြီးသည့် ရောဂါဟု အဓိပ္ပါယ်ရကြောင်း၊  ဂျိုင်ဂမ်ဒစ်ဆင် (လူ့ဘီလူး)
ဟု အဓိပ္ပာယ်ရသည့် ရောဂါလည်း ဖြစ်ပွားနေကြောင်း သိရသည်။

လူတဦး၏ အရပ်အမောင်း၊ အရိုးအဆက်များသည် အရိုးဆက် ၂ ခု မပိတ်ခင်၌ ကြီးထွားပြီး အသက် ၁၈၊ ၁၉၊ ၂၀ နှစ်
များတွင် အရိုးအဆက် ပိတ်သွား၍ အရပ်မရှည်ကြတော့ဘဲ  တန့်သွားလေ့ရှိသည်။

အရိုးဆက်မပိတ်ခင် ဖြစ်ပွားပါက ကိုဝင်းဇော်ဦးကြုံတွေ့ရသကဲ့သို့ ထွားကျိုင်းမှုလွန်ကဲခြင်း  ဖြစ်လာတတ်ကြောင်း၊
 ခွဲစိပ်ကုခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးသောက်၍ ကုသခြင်းများဖြင့် ပျောက်ကင်းနိုင်ကြောင်း သိရသည်။

“ဆေးသောက်ကုမယ်ဆိုရင် တလကို သိန်း ၆၀၀ မသေမချင်း ဆပ်ရမယ်လို့ပြောတယ်။ ဒါတော့ သူ့အတွက် မဖြစ်နိုင်ဘူး။
 ဓါတ်ရောင်ခြည်နဲ့ ကုဖို့ကြတော့ ဦးနှောက်ထဲမှာ ဖြစ်နေတဲ့အတွက် အဆင်မပြေဘူး။
ခွဲစိပ်မယ်ဆိုရင်လည်း နှာခေါင်းထဲကို ကိရိယာနဲ့ဖောက်ပြီး စက်နဲ့ ခွဲစိပ်ရမှ ရတယ်။ ခွဲစိပ်ပြီးနောက် ဝင်းဇော်ဦးရဲ့ နှာခေါင်းထဲက ခွဲလိုက်တဲ့ နေရာတွေအစား ဗိုက်က အဆီတွေကို လှီးပြီး ဆူပါဂလူးလို ကော်မျိုးနဲ့ ပြန်ကပ်ထားရတာ” ဟု ဒေါက်တာ ခင်မောင်ဝင်းက ဆိုသည်။

    ကုသပေးသော  စင်ကာပူ ပါရဂူတို့၏ ခန့်မှန်းချက် 
ခွဲစိပ်ကုသခြင်း မပြုလုပ်ပါက ၂ နှစ်အတွင်း  ~

- လက်၊ ခြေ၊  လိင်အင်္ဂါအပြင် တကိုယ်လုံး အဆမတန် ကြီးလာခြင်း၊
- လက်ရှိအခြေအနေထက် ပိုပြီး ချွေးထွက်လွန်ခြင်း၊
- အသံသြခင်း၊

- အရပ် အလွန်ရှည်၍ ခါးကုန်းသွားခြင်း၊
- မျက်လုံး ကွယ်ခြင်း၊
- ကြွက်သားများ အားနည်းလာခြင်း၊

- နှလုံး အလွန်ကြီးပြီး သွေးကြောများ ကျဉ်းလာခြင်း၊
- လေပြွန် ကြွက်သား ကြီးလာသည့်အတွက် လေပြွန်ပိတ်ခြင်း၊
- ဆီးချို သွေးချို၊ ကင်ဆာ ရောဂါတို့ ရလာခြင်း

ခွဲစိပ်ကုသမှုမှာ ရာခိုင်နှုန်းပြည့် အောင်မြင်သော်လည်း ကြီးထွားလွန်မှုရောဂါ ပျောက်မပျောက်ကိုမူ
လာမည့် ၁ ပတ်အတွင်း စောင့်ကြည့် ရမည်ဖြစ်ကြောင်း၊လာမည့်တပတ်အတွင်း ၎င်း၏ ကြီးထွားမှု
ဟော်မုန်းမှာ မတိုးလာတော့ဘဲ ရပ်တန့်သွားမည်ဆိုပါက ရောဂါအရှင်းပျောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဝင်းဇော်ဦးဟာ နောက် ၁ လ ကျော်လောက်မှ မြန်မာနိုင်ငံကို ပြန်လာလို့ ရမှာပါ။ ဘာလို့လဲဆိုတော့
 သူက ၁ လ ကျော် လေယာဉ်စီးခွင့်မရှိဘူး။
သူဟာ ဦးနှောက်ကို ဖောက်ထားပြီး နှာခေါင်းတွေကို ဖာထားသည့်အတွက် အမြင့်ကို တက်လို့ မရဘူး။
မဟုတ်ရင် နားအူသလိုဖြစ်ပြီး အဲဒီ ဖာထားတာတွေ ချုပ်ထားတာတွေက ကွဲထွက်ကုန်မှာ စိုးလို့ပါ” ဟု
ဒေါက်တာ ခင်မောင်ဝင်းက ဆိုသည်။

အခရိုမက်ဂလီရောဂါသည် ကင်ဆာရောဂါ အပျော့စား တမျိုးဖြစ်ပြီး မည်သည့်အတွက်ကြောင့်
ထိုရောဂါဖြစ်သည်ကို မည်သူကမျှ မသိရှိကြသေးဟု ဆိုသည်။

 စင်ကာပူနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှသာ စင်ကာပူ အစိုးရက  ခွဲစိပ်ကုသခြင်းများနှင့်
ပတ်သက်၍ သတင်းအချက်အလက်များ  ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ထို့နောက်  ကမ္ဘာ့ဦးနှောက် ခွဲစိပ်မှု
 ညီလာခံတွင် တင်ပြပြီး ကျောင်းသင်ခန်းစာများထဲတွင် ထည့်သွင်း သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 ညိမ်းပြည့်စုံ
credit;The Irrawaddy Blog

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment