မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ချစ်သူဟောင်းမှာ ညစ်ညမ်းဗီဒီယိုတစ်ခု ထွက်ပေါ်လာသည့်နောက်
သုတ်သင်ရေး တပ်ဖွဲ့၏ သေနတ်နှင့် ပစ်ခတ် သေဒဏ်ပေးခြင်းကို ခံခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အဆိုတော် တစ်ဦးဖြစ်သည့် ဟွမ်ဆွန်ဝူလ်ကို အများရှေ့မှောက်တွင် သေနတ်နှင့် ပစ်သတ်သော မြင်ကွင်းကို သူမ၏
မိသားစုကိုလည်း ကြည့်ရှုနေရန် မြောက်ကိုရီးယား အာဏာပိုင်များက စေခိုင်းခဲ့ကြောင်းလည်း အဆိုပါ
သတင်းများက ဆိုသည်။ သူမကို ဖမ်းဆီးပြီး (၃)ရက်အကြာတွင်ပင် သေဒဏ်ပေးလိုက်ခြင်းဟုလည်း သိရှိရသည်။
သူမသည် Sex Tapeတစ်ခု ထွက်ပေါ်လာသည့်နောက် ကင်မ်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပြီး စက်သေနတ်များဖြင့်
ပစ်သတ်ရန် စီရင်ချက် ချမှတ်ခံခဲ့ရခြင်းဟု သိရှိရသည်။
ဟွမ်သည် ညစ်ညမ်းဗီဒီယို ရိုက်ကူးမှုဖြင့် စုရုံးသေဒဏ်ပေးခံရသည့် လူသိထင်ရှား အနုပညာရှင် (၁၂)ဦးအနက်မှ
(၁)ဦးဖြစ်ကြောင်း သတင်းများက ဆိုသည်။ တောင်ကိုရီးယား သတင်းစာ ချိုဆန်အီလ်ဘိုက အဆိုပါ ကိစ္စကို စတင်၍
ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားသည် သေဒဏ်ပေးခဲ့သည့် အနုပညာရှင် အားလုံးမှာ မိမိကိုယ်ကိုယ် ညစ်ညမ်းဗီဒီယို
ရိုက်ကူးပြီး အခကြေးငွေအတွက် ရောင်းစားကြောင်း စွပ်စွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း
သုံးသပ်ရေးသားထားသည်။ အဆိုတော် အများစု ပါဝင်သည့် အနုပညာရှင်များကို ဩဂုတ်လ (၁၇)ရက်နေ့က
ဖမ်းဆီးပြီး ဩဂုတ်လ (၂၀)ရက်နေ့တွင် ပစ်သတ်ခဲ့ခြင်းဟုလည်း ချိုဆန်အီလ်ဘိုက
ဖော်ပြခဲ့သည်။ ပစ်သတ်ခံရသူများ၏ ဆက်စပ် မိသားစုများကိုလည်း လူ့အဖွဲ့အစည်းနှင့် ဆက်နွယ်သည့်
ပြစ်မှုများအတွက် အားပေးအားမြှောက်မှုဖြင့် အလုပ်ကြမ်း စခန်းများသို့ ပို့ဆောင်ခဲ့ကြောင်း
မြောက်ကိုရီးယား သတင်းရင်းမြစ် တစ်ခု၏ အဆိုကို ကိုးကားပြီး သတင်းစာတွင် ရေးသားခဲ့သည်။ "
အန်ဟာဆူ အော်ကက်စထရာတီးဝိုင်း၊ ဝန်ဂျေဆင်း အလင်းရောင် ဂီတအဖွဲ့နဲ့ မိုရန်ဘွန် ဂီတအဖွဲ့က
အဆိုတော်တွေကို စက်သေနတ်နဲ့ ပစ်သတ်တာပါ။ ဒါကို မိသားစုတွေက မကြည့်မနေရ စောင့်ကြည့်နေခဲ့ရပါတယ်"ဟု
အဆိုပါ သတင်းရင်းမြစ်က ထုတ်ဖော် ပြောကြားခဲ့သည်။ကင်မ်နှင့် ဟွမ်တို့သည် လွန်ခဲ့သော (၁၀)နှစ်က
စတင်တွေ့ဆုံခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကြောင်းပင် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း
ကင်မ်၏ဖခင် အာဏာရှင်ဟောင်း ကင်မ်ဂျုံအီလ်၏ ကြားဝင် တားမြစ်မှုအတွက် ၎င်းတို့၏ ဆက်ဆံရေး ပျက်သုဉ်းခဲ့သည်။
ယခုအခါတွင် ကင်မ်သည် ရီဆိုလ်ဂျူကို တရားဝင် ဇနီးအဖြစ် လက်ထပ်ထားပြီး ဖြစ်သည်။ ကင်မ်သည် ပြီးခဲ့သည့်နှစ်
ဇူလိုင်လက အမျိုးသမီး တစ်ဦးနှင့်အတူ ရှိနေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့ပြီး ဟွမ်နှင့် ပြန်လည် ဆက်နွယ်မှု
ရှိနေကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့ဖူးသည်။ ကင်မ်၏ လူမှုရေး အခြေအနေသည် သိုသိပ်
လျှို့ဝှက်လွန်းပြီး (၂၀၁၀)ပြည့်နှစ်က အမည်မသိ အမျိုးသမီး တစ်ဦးနှင့် သားယောက်ျားလေးတစ်ဦး
ဖွားမြင်ထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။







0 comments:
Post a Comment