Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

တရုတ်သို့သွားရောက်မည့် အစီအစဉ် ဖိလစ်ပိုင်သမ္မတပယ်ဖျက်


Saturday, August 31, 2013

တရုတ်နိုင်ငံသို့ ဖိလစ်ပိုင်သမ္မတ အကွီနို သွားရောက် လည်ပတ်ရန် စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်းပေးရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့ခြင်းကြောင့် ခရီးစဉ်ကို ပယ်ဖျက်လိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ထုတ်ဖော်ပြောကြားသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ နန်နင်းမြို့ ကုန်စည်ပြပွဲနှင့် စီးပွားရေးကွန်ဖရင့်ကို ၁၂ နာရီကြာ တက်ရောက်ရန် စက်တင်ဘာလ ၃ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ အကွီနို တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

“ပိုသင့်တော်တဲ့အချိန်မှ လာလည်ဖို့ တရုတ်က တောင်းဆိုခဲ့တာကြောင့် ခရီးစဉ်မဆက်ဖို့ သမ္မတ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ရော်ဟာနန်ဒတ်က ပြောကြားသည်။

မည်သည့်အတွက်ကြောင့် တရုတ်နိုင်ငံက ယင်းကဲ့သို့ တောင်းဆိုခဲ့ကြောင်း AFP သတင်းက မေးမြန်းရာတွင် တရုတ်နိုင်ငံကိုသာ မေးမြန်းရန် ဟာနန်ဒတ်က မှတ်ချက်ပြုသည်။

သို့သော်လည်း နှစ်နိုင်ငံကြားရှိ အခက်အခဲများကို နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ထုတ်ပြန်သည်။

တရုတ်နှင့် ဖိလစ်ပိုင်နှစ်နိုင်ငံကြား တောင်တရုတ်ပင်လယ်ကျွန်းစုများ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်နေပြီး အခက်အခဲများ ဆိုသည်မှာ ယင်းဖြစ်ရပ်များကို ရည်ညွန်းခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတခရီးစဉ် ဖျက်သိမ်းမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက တိုက်ရိုက်မှတ်ချက်ပေး ပြောကြားခြင်း မရှိသော်လည်း အခက်အခဲများ ရှိနေကြောင်း၊ ယင်းအတားအဆီးများကို ဖိလစ်ပိုင်နိုင်ငံက ဖယ်ရှားပေးရန် လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သို့သော်လည်း အတားအဆီးများ ဆိုသည်မှာ မည်သည်ကို ရည်ညွန်းကြောင်း တရုတ်နိုင်ငံက ရှင်းလင်းသွားခြင်း မရှိပေ။

တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက တောင်းဆိုနေခြင်းကြောင့် ဖိလစ်ပိုင်စသည့် အိမ်နီးချင်းနိုင်ငံများ၏ ရေပိုင်နက်များပါ ပါဝင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ အချုပ်အခြာအာဏာ ထိပါးမှု ဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံက တုံ့ပြန်ထားသည်။

အဆိုပါအရေးကို ကုလသမဂ္ဂ ရေကြောင်းဥပဒေဆိုင်ရာ သဘောတူညီချက်အရ ဖြေရှင်းရန် ၂၀၁၃ ခုနစ် အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံက လက်ခံခြင်းမရှိဘဲ နှစ်နိုင်ငံသီးသန့် ရှင်းလင်းရန်သာ တောင်းဆိုထားသည်။

အငြင်းပွား ရေပိုင်နက်အတွင်း တရုတ်နိုင်ငံက စစ်ရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို ပြီးခဲ့သည့်နှစ်များအတွင်း တိုးမြှင့် ပြုလုပ်လာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် တင်းမာမှုများ တိုးပွားလာခဲ့သည်။

The Voice Weekly

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment