နှစ်ခြိုက်စွာ အိပ်စက်ခြင်းသည် လူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးသော အားဆေးတစ်ခွက်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် အချို့သော အိပ်စက်သူတို့သည် အိပ်ပျော်နေစဉ် အသံအမျိုးမျိုးထွက်ကာ ဟောက်ခြင်းနှင့် အိပ်ပျော်ရင်း မေ့မြောနေသူများ ရှိတတ်သေးသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခြင်းမှာ အိပ်ပျော်နေစဉ် လည်ချောင်းအပေါ်ပိုင်းနှင့် အာခေါင်အတွင်းပိုင်းရှိ ကြွက်သားများ လျော့ရဲကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာရခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ အိပ်ပျော်နေစဉ် ဟောက်ခြင်းနှင့်မေ့မြောသွားခြင်းကို သီချင်းဆိုလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် လျှော့ချပေးနိုင်ကြောင်း ယူနိုက်တက် ကင်းဒမ်းမှ လေ့လာမှုသစ်တစ်ခုက ဆိုထားသည်။ အဆိုပါလေ့လာမှုမှ သုတေသနပြုတွေ့ရှိချက်အရ သီချင်းဆို လေ့ကျင့်ခန်း လုပ်ပေးခြင်းကြောင့် လည်ချောင်းကြွက်သားများ တင်းရင်း သန်မာစေကာ နှစ်ခြိုက်စွာအိပ်ပျော် နေစဉ် အသက်ရှူရပ်သွားပြီး မေ့မြောခြင်းဖြစ်စဉ်နှင့် အသံထွက်ဟောက်တတ်ခြင်းဖြစ်စဉ်ကို သက်သာစေသည်ဟု ဆိုသည်။
အိပ်ပျော်နေစဉ် ဟောက်ခြင်းနှင့် အိပ်နေစဉ် မေ့မြောသွားခြင်းတို့မှာ လူသန်းပေါင်းများစွာတို့တွင် ဖြစ်ပေါ် နေသည်ကိုတွေ့ရသည်။ ဟောက်ခြင်းကြောင့် အခြားသူများအား အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်းအသက် အန္တရာယ်အထိ စိုးရိမ်ဖွယ်မရှိနိုင်ချေ။ သို့သော် အိပ်ပျော်နေစဉ် မေ့မြောခြင်းမှာမူ အသက်ရှူရပ်သွားနိုင်သဖြင့် များစွာအန္တရာယ်ရှိပါသည်။ ယင်းဖြစ်စဉ်မှတစ်ဆင့် ယာဉ်မတော်တဆမှုများ ဖြစ်နိုင်ခြေများကာ သွေးတိုး ရောဂါလည်း ရစေသည်ဟု လေ့လာမှု တွင်ပါဝင်သူ ဒေါက်တာဟီလင်တန်က ဆိုထားသည်။ ဒေါက်တာဟီလင်တန်တို့အဖွဲ့သည် ဟောက်တတ်သူ ၆ဝ နှင့် အိပ်နေစဉ် မေ့မြောလေ့ရှိသူ ၆ဝ တို့ကို ခေါ်ယူကာ သီချင်းဆို လေ့ကျင့်ခန်းပြုလုပ်သူနှင့် မပြုလုပ်သူ အုပ်စုနှစ်ခုခွဲကာ သုံးလကြာ လေ့လာမှုပြုခဲ့ကြသည်။ ယင်းလေ့လာမှုအပြီး၌ နေ့စဉ်သီချင်းဆိုလေ့ကျင့်ခန်း ပြုလုပ်သူ အုပ်စုမှာ အိပ်ပျော်နေစဉ် သိပ်မဟောက်တော့ခြင်း၊ အကြိမ်အရေအတွက် လျော့သွားခြင်း၊ အသံတိုးသွားခြင်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းစသည့် အကျိုးကျေးဇူးများ ရလာပြီး အခြားအုပ်စုမှာ ယခင်နှင့်ထူးခြားမှု မရှိသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ဒေါက်တာဟီလင်တန်က ”ဒီလေ့ကျင့်ခန်းက မခက်ခဲတဲ့ လေ့ကျင့်ခန်းပါ။ ဟောက်တတ်တဲ့သူ၊ မေ့မြောတတ်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါ”ဟု ဆိုသည်။
credit:NPE

0 comments:
Post a Comment