ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Miss Universe Organization၏ မြန်မာနိုင်ငံ National Director ဖြစ်သူ ဒေါ်စိုးယုဝေက ပြောကြားသည်။ ထိုကဲ့သို့ မယ်စကြ၀ဠာပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် မယ်စကြ၀ဠာ မြန်မာပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပကာ မယ်စကြ၀ဠာပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်မည့်သူများကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဒေါ်စိုးယုဝေက ''ကျွန်မတို့ အနေနဲ့ ဒီနှစ်မှာ မယ်စကြ၀ဠာပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် ပထမပိုင်းမှာတော့ အချိန် မလုံလောက်မှုကြောင့် ၂၀၁၄ ပြိုင်ပွဲမှပဲ စေလွှတ် ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ Miss Universe Organization နဲ့တွေ့ဆုံချိန်မှာ သူတို့က လိုလိုလားလား ဖိတ်ခေါ်တဲ့အတွက် ဒီနှစ်မှာပဲ ယှဉ်ပြိုင်ဖို့ အတွက် ရုတ်တရက် စီစဉ်ရခြင်း ဖြစ်ပါတယ်'' ဟု ပြောသည်။ မယ်စကြ၀ဠာပြိုင်ပွဲသို့ စေလွှတ်မည့် မယ်စကြ၀ဠာ မြန်မာပြိုင်ပွဲကို အောက်တိုဘာလဆန်းတွင် ကျင်းပသွားမည် ဖြစ်ရာ ပြိုင်ပွဲဝင် လျှောက်လွှာများအား www.missmyanmaruniverse.org တွင် ဒေါင်းလော့ပြုလုပ်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သြဂုတ်လ အကုန်ပိုင်းတွင် လျှောက်လွှာများကို အပြီးသတ် စိစစ်သွားမည် ဖြစ်ပြီး စက်တင်ဘာ လဆန်းပိုင်းတွင် လူတွေ့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည့် အပြင် အသက် ၂၇ ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ကာ အရပ် ၅ပေ၊ ၆ လက်မနှင့် အထက် ရှိရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆန်ခါတင် ၃၀ဦး ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ မယ်စကြ၀ဠာ မြန်မာဆုအတွက် ကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၁၉၅၉ ခုနှစ်တွင် မယ်မြန်မာ၊ ၁၉၆၀ ပြည့်နှစ်တွင် မယ်မြန်မာနှင့် ၁၉၆၁ ခုနှစ်တွင် မယ်မြန်မာတို့မှ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော် အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
credit;SMG







0 comments:
Post a Comment