အပ္ပမာဒေါ အမတံပဒံ ပမာဒေါ မစ္စုနောပဒံ
အပ္ပမာဒေါ=မမေ့မလျော့တဲ့သူဟာ၊အမတံပဒံ= အသေကင်းတဲ့ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်ပါတယ်။ ပမာဒေါ =မေ့လျော့နေတဲ့သူဟာ၊မစ္စုနောပဒံ=သေခြင်းတရားဆီသို့ ရောက်ကြောင်းဖြစ်တယ်လို့ မြတ်စွာဘုရားရှင်ဟောတော်မူတဲ့အတိုင်းပါပဲ သတိတရားလက်ကိုင်ထားတဲ့သူဟာ သေခြင်းကင်းရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်မယ့်သူဖြစ်ပါတယ်။သတိဆိုတာ အောက်မေ့ခြင်း အမှတ်ရခြင်းသဘောဖြစ်ပါတယ်။ ထို့ကြောင့် အောက်မေ့-သတိဟုဆိုခဲ့သည်။အောက်မေ့မှု သတိရမှုသည် အလွန်များပြား၏။ရှေးကကုသိုလ် ကောင်းမှုတစ်ခုခုပြုခဲ့၏။ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။တရားစကားပြောဟောနေသည့်အခါ ဆုံးမ သြဝါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ကမ္မဋ္ဌာန်း(ဝိပဿနာ) အားထုတ်သည့်အခါမှာလည်း အာရုံပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့်နှလုံးသွင်းရ၏။သတိလက်လွတ် လို့မရပါ။သတိလက်လွက်သွားနဲ့ ကိလေသာများကြားခိုကာ သမာဓိပျက်ပျယ်သွားနိုင်ပါသည်။သမာဓိ ပျက်ပျယ်သွားပါက ရုပ်၊နာမ်တရားကို အမှန်ကို အမှန်တိုင်းပိုင်ခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဥာဏ်မှစပြီး ရှေ့ ဝိပဿနာဥာဏ်များ မရနိုင်ပါ။ထိုထိုသော ဝိပဿနာဥာဏ်များမရနိုင်ဘူးဆိုရင် မဂ်ဥာဏ် ဖိုလ်ဥာဏ်များ လည်းရနိုင်တော့မည်မဟုတ်တာဖြစ်တဲ့အတွက် နိဗ္ဗာန်နဲ့ဝေးရုံသာဖြစ်ပါတော့တယ်။ဒါကြောင့်သတိကင်းလို့ မရဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။
နက်ဖန်ပြုလုပ်ရမည့်ကုသိုလ်၊(သို့မဟုတ်) နောက်အတော်ကြာမှ ပြုရမည့် ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ ၏။မိမိဆောက်တည်အပ်သော သီလသိက္ခာပုဒ်များ မကျိုးမပေါက်ရအောင် သတိထား၏။လောဘ၊ဒေါသ မာန်မာနများ စသည်မဖြစ်ရအောင်သတိထား၏။သတိရှိရ၏။ ဆရာသမား၏ အဆုံးအမကို သတိရ၏။ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမှုဆိုင်ရာ ကိစ္စစုကို အမှတ်ရနေခြင်းသည်သာ သတိအစစ်ဖြစ်၏။ဤသတိ အစစ်ကိုသာ”အပ္ပမာဒ=မမေ့မလျော့ခြင်း”ဟုခေါ်သည်။ထိုမမေ့မလျော့တဲ့ သတိတရားမှသာလျှင် သေခြင်းကင်းရာနိဗ္ဗာန်သို့ ဦးတည်ပို့ဆောင်ပေးတာပါ။ထိုမှတစ်ဖန် သံဃာတော်များ သီလပေးသည့်အခါ “အပ္ပမာဒေန သမ္ပာဒေထ=မမေ့မလျော့သော သတိတရားဖြင့် ကုသိုလ်ကိစ္စတို့ကို ပြည့်စုံကြစေလော့ဟု” တိုက်တွန်းရိုး ရှိကြပေသည်။မြတ်စွာဘုရားရှင်ကလည်း “သတိဉ္စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ= ရဟန်းတို့ သတိကို အရာရာ၌ လိုလားထိုက်၏”ဟု ဟောတော်မူသည်။(သဒ္ဓါ စသည်မှာလွန်နေတတ်သော် လည်း သတိကား လွန်သွားသည်ဟူ၍ မရှိ။နေရာတိုင်းမှာ သတိပါစေရမည်ဟု ဟောတော်မူလိုရင်းဖြစ်သည် ပရိနိဗ္ဗာန်စံတော်မူခါနီး၌လည်း “အပ္ပမာဒေန သမ္ပာဒေထ”ဟု မိန်းတော်မူခဲ့တာကိုထောက်ဆကြည့်ရင် လူသားများအတွက် သတိဆိုသည့်အရာ အလွန်ပင်အရေးကြီးလှကြောင်းထင်ရှားပါသည်။ထို့ကြောင့် သတိတရားကို လောကီအတွက်ရော၊လောကုတ္တရာအတွက်ပါ လက်ကိုင်ထားဖို့လိုသည်။လောကီရေးရာမှာ သတိလက်လွတ်သွားရင် မဖြစ်သင့်တာ မဖြစ်ထိုက်တာတွေ ဖြစ်ပြီး ဒုက္ခရောက် ဘဝပျက်တတ်သလို၊ လောကုတ္တရာရေးရာမှာ သတိလက်လွတ်သွားရင် အသေကင်းရာနိဗ္ဗာန်နဲ့ဝေးပြီး အိုမဆုံး၊နာမဆုံး သေမဆုံး စတဲ့ အိုနာသေဆိုတဲ့ ဘေးဆိုးကြီးများနဲ့ရင်ဆိုင်ရပါလိမ့်မည်။ဒါကြောင့် မြတ်စွာဘုရားရှင်က သတိလက် လက်လွတ်တဲ့ပုဂ္ဂိုလ်ဟာ သေခြင်းတရားဆီရောက်ကြောင်းလို့ဆိုလိုတာပါ။သတိလက်လွတ်တဲ့ပုဂ္ဂိုလ်ဟာ သေနေတဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့ဆိုမယ်ဆိုရင်ဆိုလို့ရပါသည်။
သတိအတု
ဆွေမျိုးကို အောက်မေ့မှု၊ သမီး ခင်ပွန်းချင်းကွဲကွာနေသည့်အခါ အောက်မေ့မှု ၊သူငယ်ချင်းချိန်းချက်ထား သည်ကို အမှတ်ရမှု၊မိမိအား ဂရုစိုက် အရေးပါသည်ကိုအမှတ်ရမှု၊ဤသို့စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများရှိ၏။ထို့ပြင်မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု၊သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု၊ သွားလာရာ၌ ဘေးရန်အန္တရာယ်ကို သတိထားမှု ၊ဤသို့စသည်ဖြင့် ဒေါသ ဒေါမနဿ ဆိုင်ရာ အမှတ်ရမှုများလည်းရှိသေး၏။ထိုအမှတ်ရမှုများ၌ သတိအစစ်မဟုတ်ပါချေ။အချုပ်အားဖြင့်ဆိုရ သည်ရှိသော် ကုသိုလ်ကောင်းမှု၌အောက်မေ့ခြင်း အမှတ်ရခြင်းသည်သာ သတိအစစ်ဖြစ်ပြီး၊ လောဘ၊ ဒေါသ မောဟ စတဲ့အကုသိုလ်တရားများနှင့်ယှဉ်စပ်နေသော သတိရမှုများသည် သတိအစစ်မဟုတ်ပဲ သတိအတု၊အမှတ်အသားကောင်းသော သညာသဘော၊စဉ်းစားကြံစည်တတ်သော ဝိတက်သဘောသာ ဖြစ်သည်ဆိုတဲ့အကြောင်း စစ်မှန်တဲ့ သတိတရားကိုသာလက်ကိုင်းထားပြီး သေခြင်းရာနိဗ္ဗာန်ရောက်သည့် အထိ ကျင့်ကြံနိုင်ပါစေဟူ၍ အသိပေးရေးသားလိုက်ရပါသည်။
ကိုးကား။ ။အရှင်ဇနကာဘိဝံသ(ကိုယ်ကျင့်အဘိဓမ္မာ)ကို မှီငြမ်းရေးသားလိုက်ပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)






0 comments:
Post a Comment