Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, January 15, 2013

အလွမ်းမပါတဲ့ပြဇာတ်


ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြေညာမှ လူသိတယ်
“မင်းကို ငါချစ်တယ်”
ဒီမောင်းသံကြား
ပန်းများပွင့်စေသတည်း။

ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့
သူကလေးရဲ့ ငနဲလည်းဖြစ်ချင်
(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)
နောက်တော့
ပဉ္စရူပ တကောင်လည်းဖြစ်ချင်
အခုတော့ …

သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ
ရုတ်တရက် မလိုင်ကုန်သွားတာမျိုး
ပလာတာဆိုင်ကညှော်
ကော်နီရယ် တော်ရုံအော်ပါ။

ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့
လိင်ကိစ္စသာ မရှိခဲ့လျှင်
ဒီလောကကြီးမှာ အနေခက်မည်ပင်
စိန္တိတကထာ ကိုကြောက်ရ
မိုးပြိုမှာကိုကြောက်ရ
အကုသိုလ်ကိုကြောက်ရ
နောက်ဆုံး ကော်ဖီတခွက်ကိုတောင်ကြောက်ရ
(အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့)

(ပွဲတော်ကျရင် ဖောက်မယ်)
အကြွေနည်းနည်းထည့်ထားတဲ့
စုဘူးလေးတစ်ဘူး ငါပိုင်ဖူးတယ်။

“ရှင့်ကိုမချစ်ဘူး”
ရေနွေးပူလည်းလောင်ဖူးတယ်
ထီလက်မှတ်အဟောင်းတွေ ထူထပ်
နောင်တမဲ့ပုံပြင်တွေ ထူထပ်
ဘတ်စ်ကားပေါ်မှာ
ထိုင်စရာတနေရာရဖို့
တိုက်ပွဲစပါပြီ
မိုးလင်းကမိုးချုပ်
(အကြိမ်ကြိမ် ရှုံးနိမ့်၊ အကြိမ်ကြိမ် အနိုင်ရ)
လွင့်စဉ်သွားနေပုံက
ကလေးရဲ့လက်က လွတ်ကျတဲ့ အံစာတုံးလို။

အကြောတွေ အကုန်ဆန့်ထုတ်
ကျန်းမာအောင်လုပ်ရ
သေးသေးမျှင်မျှင်(လက်သန်းလောက်)
မြက်ကလေးတပင်ကလဲ
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုဆန့်ကျင်
ဒါဝင်ပြောခဲ့သလိုပေါ့။

လာမယ့်တနင်္ဂနွေနေ့လို သေချာခဲ့
ဟောဒီဂစ်တာမှာ
တကြိုးဟာ လဲဖို့လိုနေ
ခင်ဗျား ဆံပင်တိုဖို့လိုနေ
ဝမ်းနှုတ်ဆေးထဲမှာ
ပျားရည်တဇွန်းပါဖို့လိုနေ
ကောင်းကင်ဟာ အရောင်ပြောင်းဖို့လိုနေ ………..
…………………………………………………….
ကြမ်းပိုးများတဲ့ အိပ်ရာပေါ်
မောင်ချောနွယ် ပျော်တာဆန်းတယ်။


သစ္စာနီ
(ရုပ်ရှင်တေးကဗျာ – ၁၉၉၀)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment