Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, January 16, 2013

မယ့်လမ်းပါလား

မယ့်လမ်းပါလား

ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး၊
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး၊

အိုအချင်း ကျူရိုးရှင်၊
မဗေဒါ ပြာတဲ့လန်း၊ကမ်း ကပ်မယ် ပြင်၊
စံပယ်လှ ပွင့်ဖြူစင်၊ကမ်းခွင်က ငယ်ကျွမ်း၊
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ပြေးတွေ့ချင်စမ်း တဲ့၊

တွေ့ချင်တဲ့ စေတနာရယ်၊
ငယ်ကျွမ်းဆွေ လွမ်းဝေတေး ပေမို့
အေးချိုလှတယ်၊

လိပ်ပြာက ဝတ်ရည်သယ်၊စံပယ်က မအား၊
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းပါလား၊

အိုအချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ကမ်းကပ်ပြန်ချင်၊
ဟိုအွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုန့်ပုန်းကို ပြုံးကြည်ချင်ငဲ့တဲ့၊

ကြည်ချင်တဲ့ စေတနာရယ်၊
သနားဖွယ် ချစ်ဖွယ်တေးပေမို့
အေးချိုလှတယ်၊
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို
ပျိုနယ် လိုက်လေမလား၊
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းပါလား၊

အိုအချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲလန်း၊ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ကွင်းပြင်ကဘုရား၊
နေမင်းညိုချိတန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး၊ဖူးချင်လျက်သား တဲ့၊

ဖူးချင်တဲ့ စေတနာရယ်၊
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊အေးချိုလှတယ်၊
ကျွတ်ဆုကိုရွယ်၊လွယ်ပါတော့အရ၊
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ်လမ်းသာပါ့၊

ချောင်းရေက ဖောင်၊တောင်လေးကသွေး၊
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။  ။

ဆရာဇော်ဂျီ
 ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇-၁၉၅၉)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment